စာရေးသူ : Julie de Bailliencourt, Global Head of Product Policy, TikTok

TikTok သည် အကြောင်းအရာဖန်တီးသူများအနေဖြင့် တီထွင်ဆန်းသစ်မှု၊ စစ်မှန်စွာ ထုတ်ဖော်တင်ဆက်မှုနှင့် စစ်မှန်ခံစားမှု အကြောင်းအရာများကို ဖန်တီးရန် တည်ဆောက်ထားသည့် ဖျော်ဖြေရေးပလက်ဖောင်းနေရာတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်း ကြီးကြပ်ရေး လမ်းညွှန်ချက်များတွင် ကျွန်ုပ်တို့၏ ပလက်ဖောင်းပေါ်တွင် တင်ဆက်ခွင့် မပြုသော အပြုအမူများနှင့် အကြောင်းအရာများကို ရှင်းပြထားပြီးဖြစ်ပြီး အသုံးပြုသူများမှ ကျွန်ုပ်တို့ ချမှတ်ထားသော မူဝါဒများကို ချိုးဖောက်သောအခါ ၎င်းတို့ တင်ဆက်သည့် အကြောင်းအရာအပေါ် မူတည်ကာ အရေးယူခြင်းဖြင့် ကျွန်ုပ်တို့၏ ပလက်ဖောင်းကို လုံခြုံစွာ ထိန်းသိမ်းထားနိုင်စေရန်အတွက် အစဥ်တစိုက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။

ကျွန်ုပ်တို့ အသိုင်းအဝိုင်း၏ အဖွဲ့ဝင်အများစုသည် ကျွန်ုပ်တို့ ချမှတ်ထားသော မူဝါဒများကို လိုက်နာကြသော်လည်း ကျွန်ုပ်တို့၏ မူဝါဒများကို အကြိမ်ကြိမ်ချိုးဖောက်ပြီး ၎င်းတို့၏ အပြုအမူကို မပြောင်းလဲသော အသုံးပြုသူ လူနည်းစု အနည်းငယ်ရှိနေပါသေးသည်။ ၎င်းထပ်ခါတလဲလဲ စည်းမျဥ်းချိုးဖောက်သူများကို ထိထိရောက်ရောက် အရေးယူနိုင်ရန် နောက်ဆုံးပေါ် အကောင့်စီမံရေးစနစ် (Account Enforcement System) ကို ယနေ့ကြေညာလိုက်ပြီဖြစ်သည်။ ကျွန်ုပ်တို့၏ မူဝါဒများကို လိုက်နာကျင့်သုံးလိုသော အကြောင်းအရာ ဖန်တီးသူအများစုအတွက် ပိုမိုရှင်းလင်းပြီး တစ်သမတ်တည်းရှိသော အတွေ့အကြုံကို မြှင့်တင်နေချိန်တွင် ဤပြောင်းလဲမှုများသည် အန္တရာယ်ရှိသော အကောင့်များကို ပိုမိုထိရောက်စွာနှင့် လျင်မြန်စွာ ဖယ်ရှားရန်အတွက် အကူအညီပေးမည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။


လက်ရှိ အကောင့်စီမံရေးစနစ်ကို နောက်ဆုံးပေါ်စနစ်ဖြစ်အောင် ပြောင်းလဲရသည့် အကြောင်းရင်း

ရေရှည်တွင် စည်းမျဥ်းချိုးဖောက်မှုများကို လျှော့ချရေးနှင့် ပတ်သက်ပြီး လူများကို ကျွန်ုပ်တို့၏ မူဝါဒများအကြောင်း မျှဝေနေစဉ်တွင် ကျွန်ုပ်တို့၏ နည်းပညာများကို အလွဲသုံးစားလုပ်ခြင်းမှ ကာကွယ်ရန် ကျွန်ုပ်တို့၏ တည်ဆဲအကောင့်ထိန်းသိမ်းရေးစနစ်သည် ပို့စ်တင်ခြင်း သို့မဟုတ် မှတ်ချက်ပေးခြင်းတို့ကို ယာယီပိတ်ပင်ခြင်းကဲ့သို့သော ကန့်သတ်ချက်အမျိုးမျိုးကို အသုံးချလျက်ရှိပါသည်။ ဤနည်းလမ်းသည် အန္တရာယ်ရှိသော အကြောင်းအရာများကို အရေးယူလျှော့ချရာတွင် ထိရောက်မှုရှိသော်လည်း အကြောင်းအရာဖန်တီးသူများအနေဖြင့် ရှင်းလင်းစွာနားလည်ထားရန် ခက်ခဲနိုင်သည်ဟု ပြန်လည်သိရှိရပါသည်။ မူဝါဒများကို ချိုးဖောက်လေ့မရှိသည့် ဖန်တီးသူများနှင့် နားလည်မှုမရှိ၍ ချိုးဖောက်သည့်ဖန်တီးသူများ အပေါ်တွင် မမျှတစွာသက်ရောက်မှုရှိသကဲ့သို့ စည်းမျဉ်းထပ်ခါတလဲလဲ ချိုးဖောက်သူများကို အရေးယူရာတွင် ထိရောက်မှုနည်းနိုင်သည်ကို သိရှိရပါသည်။ စည်းမျဥ်း မူဝါဒ ထပ်ခါတလဲလဲ ချိုးဖောက်သူများအနေဖြင့် အလေ့အထတစ်ခု အမြဲပြုလုပ်လေ့ရှိပါသည်။ ကျွန်ုပ်တို့၏ ခွဲခြမ်းစိတ်ဖြာချက်အရ ၉၀ ရာခိုင်နှုန်းနီးပါးသည် တူညီသော လုပ်ဆောင်ချက်ကို အစဥ်တစိုက် အသုံးပြု၍ ချိုးဖောက်လေ့ရှိကြပြီး ၇၅ ရာခိုင်နှုန်းကျော်သည် တူညီသော မူဝါဒအမျိုးအစားတစ်ခုကို ထပ်ခါတလဲလဲ ချိုးဖောက်တတ်ကြသည်ကို တွေ့ရှိရပါသည်။ ၎င်းအခြေအနေကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်ရန် ကျွန်ုပ်တို့၏ အကြောင်းအရာဖန်တီးသူ လူမှုအသိုင်းအဝိုင်းကို ပံ့ပိုးကူညီရန်နှင့် ကျွန်ုပ်တို့၏ ပလက်ဖောင်းမှ မူဝါဒ ထပ်ခါထပ်ခါကျူးလွန်သူများကို ဖယ်ရှားရန် ကြိုးပမ်းသည့်အနေဖြင့် ကျွန်ုပ်တို့၏ အကောင့်စီမံရေးစနစ်ကို ခေတ်မီနောက်ဆုံးပေါ် စနစ်ဖြစ်အောင် လုပ်ဆောင်လျက်ရှိပါသည်။


အဆင်ပြေချောမွေ့သော အကောင့်စီမံရေးစနစ် လုပ်ဆောင်မည့်ပုံစံ

ယခုစနစ်သစ်ထဲတွင် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်များကို ချိုးဖောက်သည့် အကြောင်းအရာကို တစ်စုံတစ်ယောက်က တင်ဆက်ထားပါက အကြောင်းအရာကို ဖယ်ရှားခံရပြီး အကောင့်သည် ဖယ်ရှားခြင်းခံရနိုင်မည့် သတိပေးချက်တစ်ခု ရရှိမည်ဖြစ်ပါသည်။ တစ်စုံတစ်ဦး၏ အကောင့်သည် ပလက်ဖောင်း၏ လုပ်ဆောင်ချက် တစ်စုံတစ်ရာ (ဥပမာ ကွန်မန့်ပေးခြင်းများ၊ Live ထုတ်လွှင့်မှု) သို့မဟုတ် မူဝါဒ (ဥပမာ အနိုင်ကျင့်ခြင်းနှင့် နှောင့်ယှက်ခြင်းဆိုင်ရာမူဝါဒ) တစ်ခုခုအတွင်း စာရင်းဖယ်ဖျက်ခံရမှုများနှင့် ကိုက်ညီပါက ၎င်းအကောင့်ကို အပြီးအပိုင် ပိတ်ပင်သွားမည်ဖြစ်ပါသည်။ အဆိုပါ မူဝါဒသတ်မှတ်ချက်များသည် ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းအဖွဲ့ဝင်များကို အန္တရာယ်ဖြစ်စေနိုင်သော ချိုးဖောက်မှုတစ်ခု၏ အမျိုးအစားအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ ဥပမာအားဖြင့် အန္တရာယ်နည်းပါးသော အကြောင်းအရာအတုများကို မျှဝေခြင်းထက် အမုန်းပွားစေမည့် အတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများကိုမျှဝေခြင်းသည် ပိုမိုတင်းကျပ်သော ကန့်သတ်ချက်များနှင့် အရေးယူခံရခြင်း ကြုံရမည်ဖြစ်ပါသည်။ အကြမ်းဖက်မှု အားပေးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း၊ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုခြင်းဆိုင်ရာအကြောင်းအရာ (Child Sexual Abuse Material - CSAM) ကို ပြသခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ပေးခြင်း အပါအဝင် ပြင်းထန်သော ချိုးဖောက်မှုများအတွက် ပထမဆုံးအကြိမ်မှာတင် အပြီးသတ် အကောင့်ပိတ်သိမ်းသွားမည်ဖြစ်ပါသည်။ ပိုမိုထိရောက်သည့် ကာကွယ်မှုအနေဖြင့် မူဝါဒများနှင့် လုပ်ဆောင်ချက်များတစ်လျှောက် ခံရမည့် သတိပေးချက်များစွာ ရရှိသည့် အကောင့်များကိုလည်း အပြီးအပိုင်ပိတ်ပင်သွားပါမည်။ သတိပေးချက်သက်တမ်းကို ရက် ၉၀ ကြာလျှင် ပြန်လည်ဖြေလျှော့ပေးသွားမည်ဖြစ်ပါသည်။


အကြောင်းအရာ ဖန်တီးသူများအနေဖြင့် မိမိတို့ အကောင့် Status ကို နားလည်သိရှိရန် ကူညီပေးခြင်း


ဤပြောင်းလဲမှုများသည် ကျွန်ုပ်တို့၏ စီမံရေးဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန် ရည်ရွယ်ပြီး ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များ လိုက်နာရမည့်ပုံစံကို ပိုမိုကောင်းမွန်စွာ နားလည်သိရှိစေရန် ကူညီပေးပါသည်။ အကြောင်းအရာဖန်တီးသူများကို ပိုမိုပံ့ပိုးကူညီနိုင်ရန်အတွက် လာမည့်ရက်သတ္တပတ်များအတွင်း ကျွန်ုပ်တို့သည် အက်ပ်အတွင်းရှိ အကြောင်းအရာဖန်တီးသူများအတွက် ထည့်သွင်းထားသည့် Safety Center တွင် လုပ်ဆောင်ချက်အသစ်များကို စတင်မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။ ၎င်းလုပ်ဆောင်ချက်အသစ်များတွင် မိမိ အကောင့်၏ အခြေအနေကို အလွယ်တကူ ကြည့်ရှုနိုင်သည့် “Account Status” စာမျက်နှာနှင့် ဖန်တီးသူများမှ အခြားကြောင်းအရာများအပေါ် မှတ်ချက်ပြုထားသည့်မှတ်တမ်းများ သို့မဟုတ် အကောင့်များ၏ မှတ်တမ်းများကို ကြည့်ရှုနိုင်မည့် “Report Records” စာမျက်နှာတို့ ပါဝင်လာမည်ဖြစ်ပါသည်။

ဤလုပ်ဆောင်ချက်အသစ်များသည် ကျွန်ုပ်တို့၏ မူဝါဒများကို ချိုးဖောက်ပါက လက်ခံရရှိထားပြီးဖြစ်သည့် အသိပေးချက်များကို အကြောင်းအရာဖန်တီးသူများ၏ မှတ်တမ်းတွင် တစ်စုတစည်းတည်း ပေါင်းထည့်ကာ ၎င်းတို့၏ မှတ်တမ်းအချက်အလက်များအပေါ် အခြေခံ၍ အကောင့်စီမံချက်ဆိုင်ရာ အယူခံဝင်နိုင်သည်အထိ ပံ့ပိုးပေးပြီး အောင်မြင်ပါက သတိပေးချက်များ ဖြေလျှော့ပေးသွားမည်ဖြစ်ပါသည်။ အကယ်၍ ၎င်းတို့၏ အကောင့်ကို အပြီးအပိုင် ဖယ်ရှားပစ်မည်ဆိုလျှင်လည်း အကောင့်ပိုင်ရှင်ကို ကျွန်ုပ်တို့မှ စတင်အကြောင်းကြားသွားမည်ဖြစ်ပါသည်


တစ်သမတ်တည်း ပွင့်လင်းမြင်သာမှုရှိသော ဆုံးဖြတ်ချက်များချခြင်း

အကြောင်းအရာအမျိုးအစား သတ်မှတ်ချက်အဆင့်ပေါ် ကျွန်ုပ်တို့၏ ထိန်းညှိရေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုတိုးတက်စေရေးအတွက် သီးခြားဆောင်ရွက်ချက်တစ်ရပ်အနေဖြင့် အကြောင်းအရာဖန်တီးသူများ၏ မည်သည့်ဗီဒီယိုများသည် For You feeds အတွက် မသင့်တော်ဟု သတ်မှတ်ခြင်းခံရပြီး အချက်အလက်အကြောင်းအရင်းများ မျှဝေကာ ဖန်တီးသူတို့အနေဖြင့်လည်း ပြန်လည် အယူခံဝင်နိုင်ရန် အခွင့်အရေးပေးမည့် လုပ်ဆောင်ချက်အသစ်ကို နေရာအချို့တွင် စတင်စမ်းသပ်သွားမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ နောက်ဆုံးပေါ် အကောင့်စီမံရေးစနစ်ကို လက်ရှိတွင် ကမ္ဘာတစ်ဝန်း၌ စတင်မိတ်ဆက်နေပြီဖြစ်ပါသည်။ ယခုစနစ်သစ်ကို စတင်အသုံးပြုနိုင်သည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်တို့ လူမှုအသိုင်းအဝိုင်း အဖွဲ့ဝင်များကို အကြောင်းကြားသွားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ပလက်ဖောင်းရှိ အကောင့်များကို အကဲဖြတ်ရန် ကျင့်သုံးသည့် လုပ်ငန်းစဥ်များတစ်လျှောက် အကောင့်အမျိုးအစားအားလုံးအတွက် တိကျခိုင်မာစွာ ချမှတ်သွားမည့် စီမံရေးဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် ပတ်သက်သည့် တိုးတက်မှု ပြောင်းလဲမှုများကို ဆက်လက်မျှဝေသွားမည်ဖြစ်ပါသည်။