စာရေးသူ: Cormac Keenan, Head of Trust and Safety

TikTok လူမှုအသိုင်းအဝိုင်း၏ ဘေးကင်းလုံခြုံမှုနှင့် ပလက်ဖောင်း၏ ဖြောင့်မတ်မှန်ကန်မှုကို ထပ်မံပံ့ပိုးရန်အတွက် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များကို Update အသစ်များဖြင့် ပြင်ဆင်လိုက်ပြီဖြစ်ကြောင်း ယနေ့၌ အသိပေးထုတ်ပြန်လိုက်သည်။ TikTok ၏ လူမှုအသိုင်းအဝိုင်းအတွင်း ပွင့်လင်းမြင်သာမှုရှိခြင်းသည် ကျွန်ုပ်တို့အတွက်အရေးကြီးပြီး ယခုနောက်ဆုံးပြင်ဆင်ထားသည့် Updates များသည် ကျွန်ုပ်တို့၏ ပလက်ဖောင်းမှ ဖယ်ရှားမည့် သို့မဟုတ် “For You” feed ပေါ်တွင် ပြသခြင်းရှိမည် မဟုတ်သည့် အပြုအမူများနှင့် အကြောင်းအရာ အမျိုးအစားများကို တိုးချဲ့ပေးထားပြီး ပိုမိုရှင်းလင်းပြတ်သားစေမည်ဖြစ်သည်။ TikTok သည် သုံးစွဲသူများအတွက် လူမှုအသိုင်းအဝိုင်းဆိုင်ရာ ဖျော်ဖြေရေးအကြောင်းအရာများကို ဖန်တီးနိုင်ရန်၊ အချင်းချင်းဆက်သွယ်နိုင်ရန်နှင့် ရေရှည်ခံစားနိုင်စေရန်အတွက် ကျွန်ုပ်တို့၏ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များကို စဉ်ဆက်မပြတ် အားဖြည့်ပေးလျက်ရှိသည်။ 

ဘေးကင်းလုံခြုံသည့် ဖျော်ဖြေရေးဆိုင်ရာ ပလက်ဖောင်းတစ်ခု တည်ဆောက်ခြင်း

TikTok အသုံးပြုသူများသည် ပလက်ဖောင်းအတွင်း တီထွင်ဖန်တီးမှုအမျိုးမျိုးဖြင့် မိမိကိုယ်ကို ဖော်ထုတ်နိုင်စွမ်းရှိသင့်ပြီး ဖျော်ဖြေရေးအကြောင်းအရာများကိုလည်း လုံခြုံစိတ်ချရပြီး နွေးထွေးစွာကြိုဆိုသည့် နေရာတွင် ခံစားနိုင်သင့်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ထားသည်။ ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များသည် ပလက်ဖောင်းပေါ်တွင် လိုက်နာရမည့် စံနှုန်းသတ်မှတ်ချက်များ ချမှတ်ပေးထားသည့်အတွက် မည်သည့်အကြောင်းအရာအမျိုးအစားများ ဖန်တီးနိုင်သည်ကို အသုံးပြုသူများ နားလည်စေနိုင်ပြီး ကြည့်ရှုသူများကလည်း မည်သည့်အကြောင်းအရာများကို သတင်းပို့ရမည်ကို သိစေနိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့၏ မူဝါဒများသည် လုံခြုံမှု၊ ပါဝင်မှုနှင့် စစ်မှန်မှုကို ဦးစားပေးသည့် အတွေ့အကြုံတစ်ခုရရှိရန် ဒီဇိုင်းပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းတို့သည် အင်တာနက်နှင့် TikTok ပလက်ဖောင်းပေါ်တွင် တွေ့ရှိရသည့် ပေါ်ပေါက်လာသော ခေတ်ရေစီးကြောင်းများ သို့မဟုတ် ခြိမ်းခြောက်မှုများကို ထည့်သွင်းစဉ်းစားထားသည်။ ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းအပြင် ဒစ်ဂျစ်တယ်ဘေးကင်းရေးနှင့် လုံခြုံရေး၊ အကြောင်းအရာ စိစစ်သုံးသပ်မှု၊ ကျန်းမာရေး၊ သုခချမ်းသာနှင့် ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးတိုးတက်မှုစသည့်နယ်ပယ်အရပ်ရပ်မှ ကျွမ်းကျင်သူများ၏ တုံ့ပြန်ချက်များကိုလည်း ကျွန်ုပ်တို့ အမြဲမပြတ် စောင့်ကြည့်နားထောင်လျက်ရှိသည်။

ယနေ့ ကျွန်ုပ်တို့ ကြေငြာပြီးနောက် ရက်သတ္တပတ်အနည်းငယ်အတွင်း အကောင်အထည်ဖော်မည့် updates များထဲမှ အဓိကအချက်များမှာ-

  • အန္တရာယ်ရှိသော လုပ်ရပ်များနှင့် စိန်ခေါ်မှုများဆိုင်ရာ မူဝါဒကို အားဖြည့်ခြင်း။ မိမိကိုယ်ကို သတ်သေမှုများကို နောက်ပြောင်လိမ်လည်ခြင်းများအပါအဝင် ထိုကဲ့သို့သော အကြောင်းအရာများကို ပလက်ဖောင်းပေါ်တွင် ပျံ့နှံ့ခြင်းမှ ကာကွယ်ရန် ယခင်က ကြေငြာခဲ့ပြီးသော လုပ်ဆောင်မှုများကို ပိုမိုတင်းကျပ်သော နည်းလမ်းများဖြင့် ဆက်လက်ကျင့်သုံးလျက်ရှိသည်။ ၎င်းသည် ယခင်က မိမိကိုယ်ကို သတ်သေမှုနှင့် အန္တရာယ်ပြုခြင်းဆိုင်ရာ မူဝါဒများအတွင်း၌ တည်ရှိခဲ့သော်လည်း ယခုအခါ အသေးစိတ်အချက်အလက်များဖြင့် သီးခြားမူဝါဒအမျိုးအစားတစ်ခုအဖြစ် တည်ရှိသွားမည်ဖြစ်သောကြောင့် TikTok လူမှုအသိုင်းအဝိုင်းအနေဖြင့် ဤလမ်းညွှန်ချက်များနှင့် ရင်းနှီးကျွမ်းဝင်ရန် ပိုမိုလွယ်ကူလာစေမည်ဖြစ်သည်။
  • အစားအသောက် မူမမှန်ခြင်းဆိုင်ရာနှင့် ပတ်သက်၍ TikTok ၏ လုပ်ဆောင်မှုများကို ကျယ်ပြန့်စေခြင်း။ ကျွန်ုပ်တို့သည် အစားအသောက် မူမမှန်ခြင်းကို အားပေးသည့် အကြောင်းအရာများကို ဖယ်ရှားပြီးဖြစ်သော်လည်း ပုံမှန်မဟုတ်သည့် စားသောက်မှု အမှုအကျင့်များကို အားပေးမြှင့်တင်သည့် အကြောင်းအရာများကိုလည်း ထပ်မံဖယ်ရှားသွားမည်ဖြစ်သည်။ လူများသည် အစားအသောက် မူမမှန်ခြင်းနှင့် ဆိုင်သည့် ရောဂါလက္ခဏာများ မပြသော်လည်း ကျန်းမာရေးနှင့် မညီညွတ်သည့် စားသောက်မှုပုံစံများနှင့် အပြုအမူများဖြင့် ရုန်းကန်ရနိုင်သည်ကို ကျွန်ုပ်တို့ နားလည်ထားပြီး အစားအသောက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ သုတေသီများ၊ သမားတော်များနှင့် တိုင်ပင်ပြီး ယခုပြောင်းလဲမှုကို ပြုလုပ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်း သို့မဟုတ် ရေတိုအစာရှောင်ခြင်းစသည့် လက္ခဏာများသည် ပြဿနာဖြစ်နိုင်ခြေရှိပြီး မကြာခဏ လျစ်လျူရှုခြင်းခံရသော လက္ခဏာများဖြစ်ကြသည်ကို ပိုမိုသိရှိနားလည်နိုင်ရန်ဖြစ်သည်။ ၎င်းသည် တစ်သမတ်တည်း မှန်ကန်ရန် ခက်ခဲပြီး အလွန်ကွဲပြားသော နယ်ပယ်ဖြစ်ကာ ပိုမိုကျယ်ပြန့်သော အကြောင်းအရာ နယ်ပယ်တွင် သတိရှိစေရန် ကျွန်ုပ်တို့၏ အဖွဲ့များကို လေ့ကျင့်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
  • ကျွန်ုပ်တို့၏ ပလက်ဖောင်းပေါ်တွင် တားမြစ်ထားသော အမုန်းပွားစေသည့် အတွေးအခေါ်အမျိုးအစားများကို ပိုမိုရှင်းလင်းစွာ ထည့်သွင်းခြင်း။ ထိုအကြောင်းအရာများတွင် နာမည်များကို အလွှဲသုံးစားလုပ်ခြင်း၊ နာမ်စားအသုံးအနှုန်း လွှဲမှားခြင်း သို့မဟုတ် အမျိုးသမီးများကို မုန်းတီးခြင်းတို့အပြင် ပြောင်းလဲခြင်း ကုထုံးပရိုဂရမ်များကို ပံ့ပိုးပေးသည့် သို့မဟုတ် မြှင့်တင်ပေးသည့် အကြောင်းအရာများလည်း ပါဝင်သည်။ ဤအယူဝါဒများကို TikTok တွင် ကာလကြာရှည်တားမြစ်ထားသော်လည်း ၎င်းတို့သည် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များတွင် ရှင်းလင်းပြတ်သားဖို့ အရေးကြီးကြောင်း ဖန်တီးသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများထံမှ ကြားသိရသည်။
  • ကျွန်ုပ်တို့ ပလပ်ဖောင်း၏ လုံခြုံမှု၊ ဖြောင့်မတ်မှန်ကန်မှု၊ လွယ်ကူစွာအသုံးပြုနိုင်မှုနှင့် ယုံကြည်စိတ်ချရမှုများကို ကာကွယ်ရန် ကျွန်ုပ်တို့၏ မူဝါဒကို တိုးချဲ့ခြင်း။ ထိုအကြောင်းအရာများတွင် TikTok ပလက်ဖောင်းပေါ်သို့ တရားမဝင် ဝင်ရောက်ခွင့်ကို တားမြစ်ခြင်းအပြင် TikTok ရှိ အကြောင်းအရာ၊ အကောင့်များ၊ စနစ်များ သို့မဟုတ် ဒေတာများကို ဝင်ရောက်အသုံးပြုခွင့် တားမြစ်ခြင်းနှင့် TikTok အသုံးပြု၍ ရာဇ၀တ်မှုကျူးလွန်ခြင်းကို တားမြစ်ခြင်းတို့ ပါဝင်သည်။ ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းကို သံသယဖြစ်ဖွယ် လုပ်ဆောင်မှုများကို ရှာဖွေစစ်ဆေးရန်၊ ရှောင်ရှားရန်နှင့် သတင်းပို့ရန် နည်းလမ်းများကို TikTok တွင် လေ့ကျင်ပေးသည့်အပြင် Washington DC၊ Dublin နှင့် Singapore တို့တွင်လည်း ခေတ်မီဆန်းသစ်သည့် ဆိုက်ဘာဖြစ်ရပ်များ စောင့်ကြည့်ရေးနှင့် စုံစမ်းစစ်ဆေးရေးဆိုင်ရာ တုံ့ပြန်ရေးစင်တာများကို ယခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ TikTok ၏ Fusion Center သည် ကျွန်ုပ်တို့၏ ကာကွယ်ရေးဆိုင်ရာ အစီအရင်များကို စမ်းသပ်ရန်နှင့် တိုးမြှင့်ရန်အတွက် လုပ်ငန်းနယ်ပယ်ရှိ ထိပ်တန်းကျွမ်းကျင်သူများနှင့် ဆက်လက် လက်တွဲလုပ်ဆောင်နေသောကြောင့် မတူညီသော အချိန်ဇုန်များအတွင်းရှိ အန္တရာယ်အသီးသီးကို နှောင့်နှေးမှု မရှိစေဘဲ စောင့်ကြည့်ခြင်းနှင့် အချက်အလက်စုဆောင်းခြင်းများကို လုပ်ဆောင်ပေးသည်။

ထို့အပြင် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းမှ သုံးစွဲသူများအနေဖြင့် “For You” feed အကြံပြုချက်များအတွက် အရည်အချင်းမပြည့်မီသည့် အကြောင်းအရာအမျိုးအစားများအကြောင်းနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ရှာဖွေနိုင်သည်။ စိတ်ကူးသစ်များ၊ ဖန်တီးသူများနှင့် စိတ်ဝင်စားသည့် အကြောင်းအရာများကို ရှာဖွေတွေ့ရှိနိုင်ခြင်းသည် ကျွန်ုပ်တို့ ပလပ်ဖောင်းကို ထူးခြားစေသည့် အရာများထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း သုံးစွဲသူများ၏ “For You” feed တွင် ပါဝင်သည့် အကြောင်းအရာများမှာမူ ၎င်းတို့ နောက်လိုက်ရန် ရွေးချယ်ထားခြင်း မဟုတ်သည့် ဖန်တီးသူများ သို့မဟုတ် ယခင်က မကြည့်ရှုဖူးသေးသည့် အကြောင်းအရာများလည်း ပါဝင်နိုင်သည်။ ထို့ကြောင့် ဆယ်ကျော်သက်အရွယ်များမှစ၍ အဘိုးအဘွားများအထိ လူတိုင်းပါဝင်သည့် ယေဘုယျပရိသတ်များအတွက် မသင့်လျော်နိုင်သည့် အကြောင်းအရာများကို ကျွန်ုပ်တို့၏ အကြံပြုချက်စနစ်များမှ ဖယ်ရှားရန် အကောင်းဆုံးလုပ်ဆောင်လျက်ရှိသည်။

ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝန်းမှ သုံးစွဲသူတိုင်းသည် TikTok အက်ပ်ကို ဖွင့်လိုက်သည်နှင့် ဤ မွမ်းမံပြင်ဆင်ထားသည့် လမ်းညွှန်ချက်များကို ဖတ်ရန် သတိပေးမည့် လုပ်ဆောင်ချက်ကို လာမည့်ရက်သတ္တပတ်များအတွင်း ထည့်သွင်းသွားမည်ဖြစ်သည်။

ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းအပေါ် တာဝန်ခံယူမှုရှိခြင်း

မူဝါဒတစ်ခု၏ ခိုင်မာမှုမှာ ၎င်း၏ သက်ရောက်မှုအပေါ်တွင် မူတည်သည်။ ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များသည် TikTok ပလက်ဖောင်းပေါ်ရှိ သုံးစွဲသူတိုင်းနှင့် အကြောင်းအရာအားလုံးနှင့် သက်ဆိုင်ပြီး ကျွန်ုပ်တို့၏ မူဝါဒများကို ပြဋ္ဌာန်းရာတွင် တစ်သမတ်တည်းနှင့် တရားမျှတမှုဖြစ်စေရန် ကြိုးပမ်းလျက်ရှိသည်။ ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက် ချိုးဖောက်မှုများကို ဖော်ထုတ်ရန်နှင့် ဖယ်ရှားရန် နည်းပညာနှင့် လူသားများကို ပေါင်းစပ်အသုံးပြုထားပြီး ကျွန်ုပ်တို့၏ မူဝါဒများကို ထိန်းသိမ်းရန်အတွက် အလိုအလျောက်စနစ်များနှင့် လုံခြုံရေးအဖွဲ့များကို ဆက်လက်လေ့ကျင့်ပေးသွားမည်ဖြစ်သည်။

ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်း၊ NGO များနှင့် အခြားသူများအပေါ် တာဝန်ခံမှုရှိစေရန်အတွက် ကျွန်ုပ်တို့သည် လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များ ကျင့်သုံးမှုဆိုင်ရာ အစီရင်ခံစာများကို သုံးလတစ်ကြိမ် ထုတ်ပြန်ပေးလျက်ရှိသည်။ ယနေ့ထုတ်ပြန်လိုက်သည့် ကျွန်ုပ်တို့၏ နောက်ဆုံးအစီရင်ခံစာတွင် ၂၀၂၁ ခုနှစ် တတိယ သုံးလပတ်ကာလအတွင်း မူဝါဒချိုးဖောက်သည့် ဗီဒီယိုပေါင်း ၉၁ သန်းကျော်ကို ဖယ်ရှားခဲ့နိုင်ကြောင်းပြထားပြီး ထိုပမာဏသည် ပလက်ဖောင်းပေါ်တွင် Upload ပြုလုပ်ထားသည့် ဗီဒီယိုအားလုံး၏ ၁ ရာခိုင်နှုန်း ဝန်းကျင်ဖြစ်သည်။ ဖယ်ရှားလိုက်သောဗီဒီယိုများထဲမှ ၉၅.၁ ရာခိုင်နှုန်းကို အသုံးပြုသူများမှ သတင်းမပို့မီ ဖယ်ရှားပေးနိုင်ခဲ့ပြီး ၈၈.၈ ရာခိုင်နှုန်းကို ကြည့်ရှုမှု တစ်စုံတစ်ရာ မရရှိမီနှင့် ၉၃.၉ ရာခိုင်နှုန်းကို ပို့စ်တင်ပြီး ၂၄ နာရီအတွင်း ဖယ်ရှားနိုင်ခဲ့သည်။ အရွယ်ရောက်သူ အဖော်အချွတ်နှင့် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ၊ အသက်မပြည့်သေးသူ ဘေးကင်းရေးနှင့် တရားမဝင်သည့် ဆောင်ရွက်ချက်များနှင့် ထိန်းချုပ်ထားသည့် ကုန်ပစ္စည်းများဆိုင်ရာ မူဝါဒ ချိုးဖောက်သည့် အကြောင်းအရာအမျိုးအစားအချို့ကို  Upload လုပ်လိုက်သည်နှင့် ရှာဖွေတွေ့ရှိနိုင်ပြီး ဖယ်ရှားပေးသည့် ကျွန်ုပ်တို့၏ စနစ်ကို ဆက်လက်ချဲ့ထွင်ထားသည်။ ထို့ကြောင့်လည်း အလိုအလျောက်ဖယ်ရှားပေးသည့် အကြောင်းအရာပမာဏသည် တိုးပွားလာကာ ကျွန်ုပ်တို့ ပလက်ဖောင်းတစ်ခုလုံး၏ ဘေးကင်းလုံခြုံမှုကို ပိုမိုကောင်းမွန်စေပြီး ကျွန်ုပ်တို့၏ အဖွဲ့သည်လည်း အမုန်းစကားများ၊ အနိုင်ကျင့်မှု၊ နှောင့်ယှက်မှုနှင့် သတင်းမှားများ စသည်တို့နှင့် ဆက်စပ်မှုရှိသော သို့မဟုတ် အခြားကွဲပြားသော အကြောင်းအရာများကို ပြန်လည်သုံးသပ်ရန် ပိုမိုအချိန်ပေး အာရုံစိုက်နိုင်မည်ဖြစ်သည်။

ကျွန်ုပ်တို့ ထိရောက်မှု၊ မြန်ဆန်မှုနှင့် တသမတ်ကျမှုများ အပါအဝင် ကျွန်ုပ်တို့၏ မူဝါဒများနှင့် ၎င်းတို့၏ သက်ရောက်မှုများကို မြှင့်တင်ရန် သိသာထင်ရှားသော ခြေလှမ်းများကို လုပ်ဆောင်ထားပြီဖြစ်သော်လည်း အသုံးပြုသူများ ဘေးကင်းစေရန်လုပ်ဆောင်ချက်သည် အဆုံးမရှိကြောင်း ကျွန်ုပ်တို့ နားလည်သဘောပေါက်ထားသည်။ TikTok တွင် လူတိုင်း ကောင်းမွန် ကြွယ်ဝသော အတွေ့အကြုံများရရှိစေရန် ကျွန်ုပ်တို့သည် စိတ်အားထက်သန်စွာဖြင့် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။