TikTok ကို လူမှုအသိုင်းအဝိုင်းမှ ဖျော်ဖြေရေးအကြောင်းအရာများကို စူးစမ်းရှာဖွေရင်း ၎င်းတို့၏ တီထွင်ဖန်တီးမှုများကိုမျှဝေနိုင်သည့် ဘေးကင်းလုံခြုံသော ပလက်ဖောင်းတစ်ခုဖြစ်လာစေရန် ထောင်ပေါင်းများစွာသော ကျွမ်းကျင်သူများက ဦးစားပေး၍ ကူညီလုပ်ကိုင်လျက်ရှိသည်။ TikTok ရှိ Trust and Safety အဖွဲ့မှ ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းကို ကာကွယ်စောင့်ရှောက်ရန် အဓိကထားကာ လုပ်ငန်းဆောင်တာအမျိုးမျိုးကို ဆောင်ရွက်လျက်ရှိသည်။ ကျွန်ုပ်တို့သည် ဘေးကင်းလုံခြုံရေးခရီးစဉ်ကို ဆက်လက်လျှောက်လှမ်းနေသည်နှင့်အညီ လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ကျွန်ုပ်တို့သည် ပွင့်လင်းမြင်သာမှုရှိစေလိုသည်ဖြစ်ရာ ဤလုပ်ငန်းစဉ်အချို့ကို တင်ပြပေးသွားမည်ဖြစ်သည်။

လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များ ဖန်တီးခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်း

ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များမှာ TikTok ၏ စံနှုန်းများနှင့် TikTok တွင် လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များကို သတ်မှတ်ဖော်ပြထားခြင်းဖြစ်ပြီး TikTok ကို နွေးထွေးစွာ လက်ခံကြိုဆိုသည့်နေရာတစ်ခုအဖြစ် ထိန်းသိမ်းနိုင်ရန် ထိုလမ်းညွှန်ချက်များမှ မည်သည့်အရာကို ခွင့်ပြု၍ မည်သည့်အရာကို တားမြစ်ထားသည်များကို လမ်းညွှန်ပြသပေးမည်ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့၏ မူဝါဒဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည် ဖြစ်နိုင်ခြေရှိသောအန္တရာယ်များကို ကြိုတင်ကာကွယ်ရင်း တီထွင်ဖန်တီးမှုဆိုင်ရာ ထုတ်ဖော်ပြောဆိုမှုများကို လုပ်ဆောင်နိုင်ရန်အတွက် ဤလူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များကို အဆက်မပြတ် စစ်ဆေးအကဲဖြတ်ရန် တာဝန်ယူလုပ်ဆောင်လျက်ရှိသည်။

ဤပညာရှင်များသည် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များဖြစ်ကြပြီး အချို့မှာ နည်းပညာနယ်ပယ်တွင် ကျွမ်းကျင်သူများနှင့် အချို့မှာ အရပ်ဘက် သို့မဟုတ် အစိုးရအဖွဲ့အစည်းများမှ ကျွမ်းကျင်သူများဖြစ်ကြသည်။ ကျွမ်းကျင်ပညာရှင်များအနေဖြင့် ရှုပ်ထွေးခက်ခဲသော ကဏ္ဍများကို ကိုင်တွယ်ဖြေရှင်းကြရသည်။ ဥပမာအားဖြင့် အစားအသောက် မူမမှန်ခြင်းနှင့် သက်ဆိုင်သော အကြောင်းအရာများနှင့် ပတ်သက်၍ မည်သို့ ကန့်သတ်ချက်များချမှတ်ရမည် စသည်တို့ကို ကိုင်တွယ်ဖြေရှင်းကြရသည်။ ပြင်ပမှ ကျွမ်းကျင်ပညာရှင်များနှင့် လက်တွဲလုပ်ဆောင်ရာမှလည်း အစားအသောက် မမှန်ခြင်းနှင့်သက်ဆိုင်သော အကြောင်းအရာများသည် ထိခိုက်နစ်နာစေနိုင်သော်လည်း အစားအသောက် မူမမှန်ခြင်းမှပြန်လည်သက်သာလာခြင်းနှင့် သက်ဆိုင်သော အကြောင်းအရာများကမူ ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ရရှိစေကြောင်း သိရှိခဲ့ရသဖြင့် ကျွန်ုပ်တို့၏မူဝါဒများကို ပြန်လည်ပြင်ဆင်ရာတွင် ဤကဲ့သို့သော ကွဲပြားမှုများကို ဆက်လက်ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။

ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ရှာဖွေသုံးသပ်၍ ကျွန်ုပ်တို့၏ မူဝါဒများအပေါ် အားဖြည့်လုပ်ဆောင်ချက်များ

Product and Process အဖွဲ့များမှ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ပိုမိုထိရောက်စွာ ရှာဖွေတွေ့ရှိရန်နှင့် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များကို ကျယ်ပြန့်စွာ လိုက်နာကျင့်သုံးစေရန် နည်းဗျူဟာနှင့် နည်းပညာများကို ဦးစားပေးဖန်တီးလျက်ရှိသည်။ ဥပမာတစ်ခုမှာ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုအတွက် ထူးခြားသော ဒစ်ဂျစ်တယ်အမှတ်အသားတစ်ခုကို ဖန်တီးရန် 'Hashing' နည်းပညာကို အသုံးပြုခြင်းဖြစ်သည်။ လုပ်ငန်းစံနှုန်းများနှင့်အညီ ၎င်းသည် အန္တရာယ်ရှိသော အကြောင်းအရာတစ်ခုကို တွေ့ရှိပါက စံနှုန်းကို ချိုးဖောက်ကြောင်း မှတ်သားစေနိုင်ပြီး ထိုအကြောင်းအရာများကို ပိုမိုထိရောက်လွယ်ကူစွာ ဖယ်ရှားပေးနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် ကလေးသူငယ်လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်သည့်ပုံများကို မျှဝေခြင်းကို ကာကွယ်သည့် ကျွန်ုပ်တို့၏ မူဝါဒများကို ချိုးဖောက်လျှင် သီးခြားအမှတ်အသားသည် ၎င်းနှင့် ဆင်တူသည့် အကြောင်းအရာများကို ရှာဖွေဖယ်ရှားခြင်းနှင့် ထိုအကြောင်းအရာများကို အကြိမ်ကြိမ်တင်ခြင်းမှ ကာကွယ်ခြင်းများ ဆောင်ရွက်ရန် အထောက်အကူပြုသည်။

ကျွန်ုပ်တို့၏ နောက်ဆုံးထုတ်ဝေခဲ့သော ပွင့်လင်းမြင်သာမှုအစီရင်ခံစာတွင် ရှင်းလင်းတင်ပြထားသည့်အတိုင်း မူဝါဒချိုးဖောက်သည့် ဗီဒီယိုများထဲမှ ၈၇.၅ ရာခိုင်နှုန်းကို မည်သူမျှ မကြည့်ရှုရသေးခင်တွင် ဖယ်ရှားနိုင်ခဲ့ပြီး ထိုအပိုင်းတွင် ကျွန်ုပ်တို့၏ ထိရောက်မှုကို ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားရန် ကတိကဝတ်ပြုပါသည်။ နည်းပညာကို အသုံးပြုခြင်းသည် သိသာထင်ရှားသော ချိုးဖောက်မှုများကို ဖယ်ရှားရန် ကူညီပေးသော်လည်း အကြောင်းအရာများအား စစ်ဆေးထိန်းချုပ်ရာတွင် လူကိုယ်တိုင် သုံးသပ်ခြင်းသည်လည်း အရေးပါသောနေရာမှ ပါဝင်သည်။ ကျွန်ုပ်တို့၏ အဖွဲ့များသည် အကြောင်းအရာများနှင့်ပတ်သက်၍ သတင်းပေးပို့ချက်များရရှိပါက နေ့စဥ်အချိန်မရွေး အရေးယူဆောင်ရွက်ရန် အသင့်ရှိနေသည်။ ဤကဲ့သို့ အကြောင်းအရာများကို လူကိုယ်တိုင် သုံးသပ်စစ်ဆေးခြင်းမှ တစ်ဆင့် ၎င်းတို့၏ နည်းပညာလုပ်ဆောင်ချက်များအပေါ် မှတ်ချက်ပေးခြင်း၊ ခေတ်နှင့်အညီ ပေါ်ထွက်လာသော အကြောင်းအရာများကို သိရှိနိုင်ရန် ကူညီပေးခြင်းနှင့် အနာဂတ်တွင် ကျွန်ုပ်တို့၏ ရှာဖွေစစ်ဆေးနိုင်စွမ်းများကို တိုးတက်လာစေရန် ကူညီပေးခြင်းတို့ကြောင့် ကျွန်ုပ်တို့၏ စက်ပိုင်းဆိုင်ရာ နည်းပညာ သင်ယူမှုစနစ်များသည်လည်း ပိုမိုတိုးတက်ကောင်းမွန်လာနိုင်မည်ဖြစ်သည်။

ကျွန်ုပ်တို့အဖွဲ့၏ နောက်ထပ်အရေးကြီးသော အခန်းကဏ္ဍတစ်ခုမှာ ကျွန်ုပ်တို့၏ အကြောင်းအရာ စစ်ဆေးအကဲဖြတ်လုပ်ငန်းစဉ်များ၏ တိကျမှန်ကန်မှုကို စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာစေရန် အကြောင်းအရာများကို ရှာဖွေကာ စိစစ်သုံးသပ်ရန်ဖြစ်သည်။ ဥပမာအားဖြင့် ဗီဒီယိုတစ်ခု ရေပန်းစားလာပါက ကျွန်ုပ်တို့၏ စနစ်များမှ ပြန်လည်ကြည့်ရှုသုံးသပ်ခြင်းဖြင့် TikTok တွင် မူဝါဒချိုးဖောက်သည့် အကြောင်းအရာများကို လျော့ကျစေသည်။ ထို့အပြင် မူဝါဒချိုးဖောက်ထားသော အကြောင်းအရာများကို အစောပိုင်းကာလတွင် မ‌တွေ့ရှိရခြင်း၏ အကြောင်းအရင်းကို နားလည်ရန်နှင့် ကျွန်ုပ်တို့ ပလက်ဖောင်းပေါ်ရှိ ချိုးဖောက်ထားသော အကြောင်းအရာများ၏ ခေတ်ရေစီးကြောင်းများကို ဖော်ထုတ်ရန် ကျွန်ုပ်တို့သည် အကြောင်းအရာ စစ်ဆေးအကဲဖြတ်သည့် ဆုံးဖြတ်ချက်များကိုလည်း စိစစ်သုံးသပ်ကြသည်။ ဥပမာအားဖြင့် ဖြစ်နိုင်ခြေရှိသော ချိုးဖောက်မှုအမျိုးအစားများကို အလိုအလျောက် ရှာဖွေသိရှိနိုင်ရန် နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း လေ့လာသိရှိနိုင်သည်။ ထို့ပြင် အကြောင်းအရာ စစ်ဆေးအကဲဖြတ်လုပ်ငန်းစဉ်အတွင်း တိုးတက်မှန်ကန်သော ဆုံးဖြတ်ချက်များအတွက် အချို့သော မူဝါဒများနှင့် ကွဲလွဲချက်များကို ပိုမိုနားလည်သဘောပေါက်နိုင်ရန်အတွက် ကျွန်ုပ်တို့၏ အကဲဖြတ်စစ်ဆေးသည့်အဖွဲ့များကို အထူး လေ့ကျင့်သင်တန်းသစ်များဖြင့် ပံ့ပိုးပေးရန် လိုအပ်ကြောင်း တွေ့ရှိနိုင်သည်။

ဝန်ထမ်းများ၏ ကျန်းမာချမ်းမြေ့မှုကို အဓိကထားလုပ်ဆောင်ပေးခြင်း

ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းအတွက် ဘေးကင်းလုံခြုံသော အတွေ့အကြုံကို ဖန်တီးတည်ဆောက်ခြင်းနှင့် ထိန်းသိမ်းခြင်းသည် ကျွန်ုပ်တို့အဖွဲ့၏ အရေးအကြီးဆုံးသော အခန်းကဏ္ဍဖြစ်သည်။ ဆိုလိုသည်မှာ တစ်ခါတစ်ရံတွင် အန္တရာယ်ဖြစ်စေနိုင်သော အကြောင်းအရာများကို သုံးသပ်ရန် ကျွန်ုပ်တို့၏ အကဲဖြတ်စစ်ဆေးပေးသူများကို လိုအပ်ပြီး ၎င်းတို့အတွက် မှန်ကန်သော ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးရန် လိုအပ်သည်။ ထိုအချက်ကို ကျွန်ုပ်တို့ နားလည်သဘောပေါက်ထားပြီး ကျွန်ုပ်တို့ အဖွဲ့များ၏ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာချမ်းမြေ့မှုအတွက် ဦးစားပေးလုပ်ဆောင်လျက်ရှိသည်။ ကျွန်ုပ်တို့အဖွဲ့များ၏ ကျန်းမာချမ်းမြေ့မှုဆိုင်ရာ လေ့ကျင့်ရေးများ၊ အထောက်အထားအခြေပြု အရင်းအမြစ်များနှင့် ကျွမ်းကျင်သူများနှင့် ဆွေးနွေးလမ်းညွှန်မှုများ အစရှိသည့် ပရိုဂရမ်များကို ထောက်ပံ့ပေးထားသည်။ ထို့အပြင် ကျွန်ုပ်တို့အနေဖြင့် စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာစေရန် မည်သို့လုပ်ဆောင်ရမည်ကို နားလည်သဘောပေါက်ရန် ပုံမှန်စိစစ်မှုများ ပြုလုပ်ပြီး ကျွန်ုပ်တို့၏ အဖွဲ့ဝင်များအတွက် ရည်မှန်းချက်ကြီးမားပြီး အထိရောက်ဆုံးသော ပံ့ပိုးမှုပုံစံများကို ပြုလုပ်ပေးခြင်းဖြင့် လုပ်ငန်းနယ်ပယ်ထဲတွင် ဦးဆောင်နိုင်မည်ဟု မျှော်လင့်ထားသည်။

TikTok ကို ပျော်ရွှင်မှုနှင့် တီထွင်ဖန်တီးမှုများ ရှင်သန်နေသည့် လုံခြုံသောနေရာတစ်ခုအဖြစ် ရှိနေစေရန်အတွက် ကျွန်ုပ်တို့၏ ခရီးစဉ်ကို ဆက်လက်လျှောက်လှမ်းနေသည်နှင့်အညီ ကျွန်ုပ်တို့၏ Trust and Safety အဖွဲ့များ၏ လုပ်ငန်းစဉ်များအကြောင်း ပိုမိုမျှဝေပေးနိုင်ရန် ကျွန်ုပ်တို့ ဆောင်ရွက်လျက်ရှိပါသည်။